Wednesday, January 15, 2014

သူ့ အပြုံး

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း…….
မင်းကိုသူမဲ  လူပုံထဲ၌
ဆဲဆိုရိုင်းပျ  သူရန်စလည်း
မင်းကမဖြုံ မင်းမမှုန်ခဲ့ 
မတုန်မလှုပ် မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ  ။

အခါတစ်ပါး မြတ်ဘုရားကို
ပုဏ္ဍားဒွါဇ  အမျက်ရှ၍
ငါဆနင်ပဲ မျိုးစုံဆဲ၏
ဆိုဆဲအားရ  ထိုခဏ၌
ဗုဒ္ဓဘုရား ထိုပုဏ္ဍားနှင့်
စကားချီချ ဆိုခဲ့ ကြ ။

” ဘာရဒွါဇ ဗြဟ္မဏ…….
အိမ်ဝရောက်လာ သင့်ဆွေညှာအား
ရသာချိုအေး ခဲဖွယ်ပေး၍
မကျွေးသလော ကျွေးသလော “

” ငါ့ဆွေ ငါ့မျိုး  ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ  သုံးဆောာင်ပါဟု
ငါကျွေးမွေး၏  ငါပေး၏ “

“ဘာရဒွါဇ  ဗြဟ္မဏ…….
သူကငြင်းဆန်  လက်မခံသော်
ကြံပျားဆီဥ  ခဲဖွယ်စုသည်
မည်သူ့ လက်မှာ ရှိသနည်း “

” သူမယူဘိ  နေသည်ရှိသော်
ငါ၏လက်မှာ  ရှိသည်သာ “

“ဘာရဒွါဇ  ဗြဟ္မဏ……
ငါ့အားသင်ပေး  မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ  ဆဲတစ်ရာကို
ငါလက်မခံ “
မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား  ရှိတကား ။

ငါ့ညီပြောင်ဝင်း  မောင်သစ်ဆင်း……
မင်းသိမသိ  ငါမသိခဲ့ 
ငါသိသည်မှာ  သိရုံသာတည့်
မင်းမှာတမူ  ယူမတူတို့ 
ငြူစူမှိုင်းမှုန်  အဆဲစုံ၌
မတုန်မလှုပ်  မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ ။      


 ဇော်ဂျီ

No comments: