Thursday, January 29, 2015

မိန်းကလေးအတွက် ဘဝဒသန

(၁) သင့်မှာ အဝတ်အစားတွေ အများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့ ဇာပန်းထည်တွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ ။ (၂) အားကစားရုံသွားဖို့ အပိုဝင်ငွေမရှိဘူးဆိုရင် လှေကားထစ်တွေကို သင်နေ့တိုင်းတက်နိုင်၊ ဆင်းနိုင်ပါတယ်။ Lancôme၊ Clinique၊ Estée Lauder တွေကို သင်မသုံးနိုင်ဘူးဆိုရင် အရက်၊ ဆေးလိပ်မသောက်၊ အိပ်ချိန်မှန်၊ စားချိန်မှန်ရင်လည်း သင့်အသားအရည်ကို စိုပြေဝင်းပစေပါတယ်။ SPAတွေလုပ်ဖို့ ငွေကြေးမတတ်နိုင်ဘူးဆိုရင် green tea၊ နွားနို့၊ ရေတွေကို အမြဲသောက်ဖို့ မမေ့ပါနဲ့။ ဒါတွေဟာလည်း အကျိုးရှိတဲ့အရာတွေဖြစ်တယ်။ (၃) အချစ်ကို သင်ယုံကြည်လို့ရတယ်။ ယောက်ျားလေးတွေရဲ့ ချိုချိုသာသာစကားတွေကို သင်နားထောင်လို့ရတယ်။ ဒါပေမဲ့ တစ်ဖက်နားက နားထောင်ရင် ကျန်တစ်ဖက်နားက ထွက်သွားပါစေ။ ပျားရည်လိုချိုတဲ့ အဆိပ်တွေကို ရင်ထဲ သိမ်းဆည်းမထားပါနဲ့။ တော်ထက်တဲ့ယောက်ျားတွေကို သင်တန်ဖိုးထားနိုင်တယ်။ တကယ်လို့ အိမ်ထောင်သည်ဆိုတဲ့ တံဆိပ်ကပ်ထားသူဆိုရင် သင်တတ်နိုင်၊ လက်ခံနိုင်တဲ့သူမဟုတ်ကြောင်း မမေ့ပါနဲ့။ ဒီလိုလူမျိုးနဲ့ကြုံခဲ့ရင် ဘာအတွယ်အတာမှမချန်ဘဲ ဝေးဝေးခွာပါ။ (၄) ကိုယ့်ရဲ့အပြင်ပန်းအလှကို တန်ဖိုးထားပါ။ ထိုနည်းတူ အတွင်းစိတ်ကိုလည်း မပြတ်ဖြည့်ဆည်းပါ။ စာများများဖတ်ပါ၊ များများသင်ယူပါ။ လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ ဖက်ရှင်၊ မိသားစု..... ဘုရားသခင်က သင့်ကို လှပတဲ့မျက်နှာမပေးခဲ့ရင် အသိဉာဏ်ပြည့်တဲ့ စိတ်နှလုံးတစ်စုံရှိဖို့ကို သင်ကိုယ်တိုင် တာဝန်ယူပါ။ ပန်းအိုးတွေက ကွဲလွယ်တယ်၊ ရုပ်ရည်က အိုလွယ်တယ်။ အသိဉာဏ်က နှစ်လကြာလေ တိုးပွားလေ၊ ခိုင်မြဲလေဖြစ်တယ်။ (၅) လက်ဆောင်ပစ္စည်းရတဲ့ အံ့သြဝမ်းသာခြင်းမျိုးကို သင်ခံစားနိုင်ပါတယ်။ ဒါပေမဲ့ အလကားစားရတဲ့ ညစာဆိုတာ မရှိဘူးဆိုတာကိုတော့ မမေ့ပါနဲ့။ ယောက်ျားတစ်ယောက်ကပေးတဲ့ အဖိုးတန်စျေးကြီးလွန်းတဲ့ လက်ဆောင်ပစ္စည်းကို ဘယ်လိုဂုဏ်ပုဒ်မျိုးနဲ့ သင်လက်ခံယူမလဲ! ဇနီးမယား? ချစ်သူရည်းစား? တကယ်လို့ ဇနီးမယားလည်းမဟုတ်၊ ချစ်သူရည်းစားလည်း မဟုတ်ဘူးဆိုခဲ့ရင် ဒီလက်ဆောင်အတွက် ဘယ်လိုပေးဆပ်ခြင်းမျိုးကို သင်ပေးဆပ်ရလိမ့်မလဲဆိုတာကို သေသေချာချာ စဉ်းစားပါ။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို ကိုယ်တိုင်ဝယ်ယူနိုင်ဖို့ ကြိုးစားပါ။ ယောက်ျားတွေပေးမယ့် လက်ဆောင်ကိုပဲ မျှော်ကိုးမနေပါနဲ့။ (၆) ရိုးသားလို့ရတယ်၊ ဒါပေမဲ့ ရိုးစင်းနုံအလို့ မရဘူး။ ရိုးရှင်းလို့ရတယ်၊ ဒါပေမဲ့ အလွယ်လိုက်လို့မရဘူး။ အိမ်အလုပ်၊ အိမ်ပစ္စည်းတွေကို သင်နားမလည်လို့ရတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေရဲ့ အညွန်းစာအုပ်ကို သင်ဖတ်နိုင်ရမယ်။ ကိုယ့်အပေါ် ကူညီခဲ့သူတွေအတွက် ကျေးဇူးတရားကို ရင်ထဲအမြဲထည့်ထားပါ။ ကိုယ့်အပေါ် ကဲ့ရဲ့လှောင်ပြောင်သူတွေအတွက် ပုံမန်၊ သာမန်စိတ်ကိုမွေးပါ။ (၇) ငွေကြေးတွေကို အမြော်အမြင်ရှိရှိ သုံးပါ။ ကိုယ့်အတွက် ကောင်းမွန်တဲ့အတွင်းခံ၊ ဖိနပ်တွေဝယ်ဖို့ မနှမြောပါနဲ့။ အပြင်ပန်းလှပအောင် ဝတ်ဆင်တယ်ဆိုတာ သူတစ်ပါးကြည့်ဖို့အတွက်ပါ။ ဒါဟာ ဝင့်ဝါခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ သင့်တော်ကောင်းမွန်တဲ့ အတွင်းဝတ်တွေက ကိုယ်တိုင်အတွက်ပါ။ ဒါဟာ သက်တောင့်သက်သာရှိခြင်းကို ဝတ်ဆင်တာဖြစ်တယ်။ (၈) လိုက်လျောညီထွေတဲ့စကားကို ပြောဆိုတတ်ရမယ်။ ကလေးကလားနိုင်တဲ့၊ ကပ်ချွဲနှပ်ချွဲစကားတွေက သင့်မှာရှိသင့်တဲ့ အမှတ်တံဆိပ်တွေ မဟုတ်ဘူး။ သင့်မှာ ဗဟုသုတမရှိလို့ရတယ်၊ ဒါပေမဲ့ အဆင့်အတန်းမရှိလို့ မရဘူး။ အမြင်မတူ၊ အသွင်ကွဲလို့ရတယ်။ ဒါပေမဲ့ လေးစားရိုသေမှုတော့ ရှိရတယ်။ ဖြစ်ခဲ့၊ ပျက်ခဲ့တဲ့အကြောင်းကိုပဲ ထပ်တလဲလဲ နာနာကျင်ကျင် မရွတ်ဆိုပါနဲ့။ ဒေါသထွက်နေတုန်း စကားတစ်ခွန်းပြောဖို့ ၁ကနေ ၂ဝအထိ ရေတွက်ပြီးမှ ပြောပါ။

No comments: