ညဉ့်မှောင်ကြီးမှာ
မီးပုံးအပြာ ၊ ရှာယူလာပြီး
လသာဆောင်စွန်း ၊ တိုင်ထိပ်တန်းမှာ
ကြေးနန်းနှင့်တဲ ၊ တွဲလိတွဲလောင်း
ချိတ်ဆွဲလိုက်ပြီး ၊ အချည်းနှီးပင်
ထီးတည်းထိုင်ကာ နေမိ၏။
အဘယ်သူလျှင်
အမူညံ့သက် ၊ ပြုံးနှုတ်ဆက်နှင့်
ဝင်းပြက်မီးခိုင် ၊ ဖယောင်းတိုင်ကို
ကိုင်ဆောင်လာပြီး ၊ ရိုလေရီးခို
ဖော့စီးညင်သာ ၊ မီးပုံးပြာမှာ
စိုက်လာထွန်းညှိပါမည်နည်း။
တွတ်တွတ်ညည်း၍
ညဉ့်လည်းအေးအေး ၊ ငါ့လည်းငေးမိ
ပြေးလွှားမြူးခုန် ၊ အစုန်အဆန်
လေပြန်ဝှေ့နောက် ၊ လေရူးပေါက်မှာ
ဂနာမငြိမ် ၊ ငါ့မီးအိမ်သည်
တွန့်လိမ်လူးလွန့် နေသည်တကား။
ကြည်အေး
( ရှုမဝ ၊ ၁၉၄၉ ၊ ဇူလိုင် )
No comments:
Post a Comment