Thursday, November 20, 2014

ညဉ့်မှောင်ကြီးမှာ မီးပုံးအပြာ ၊ ရှာယူလာပြီး လသာဆောင်စွန်း ၊ တိုင်ထိပ်တန်းမှာ ကြေးနန်းနှင့်တဲ ၊ တွဲလိတွဲလောင်း ချိတ်ဆွဲလိုက်ပြီး ၊ အချည်းနှီးပင် ထီးတည်းထိုင်ကာ နေမိ၏။ အဘယ်သူလျှင် အမူညံ့သက် ၊ ပြုံးနှုတ်ဆက်နှင့် ဝင်းပြက်မီးခိုင် ၊ ဖယောင်းတိုင်ကို ကိုင်ဆောင်လာပြီး ၊ ရိုလေရီးခို ဖော့စီးညင်သာ ၊ မီးပုံးပြာမှာ စိုက်လာထွန်းညှိပါမည်နည်း။ တွတ်တွတ်ညည်း၍ ညဉ့်လည်းအေးအေး ၊ ငါ့လည်းငေးမိ ပြေးလွှားမြူးခုန် ၊ အစုန်အဆန် လေပြန်ဝှေ့နောက် ၊ လေရူးပေါက်မှာ ဂနာမငြိမ် ၊ ငါ့မီးအိမ်သည် တွန့်လိမ်လူးလွန့် နေသည်တကား။ ကြည်အေး ( ရှုမဝ ၊ ၁၉၄၉ ၊ ဇူလိုင် )

Thursday, May 15, 2014

ရီလေတီဗီတီ သီအိုရီ

ယောကျာင်္းကလေးများအဖို့
တစ်ထွာသော ဆံပင်သည်
အရှည်ကြီးဖြစ်၏။


မိန်းကလေးများအဖို့
တစ်ထွာသောဆံပင်သည်
တိုတိုကလေးဖြစ်၏။


ဘတ်စ်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
အဝေးကြီး ဖြစ်၏။

ကိုယ်ပိုင်ကားပေါ်မှ လူအဖို့
အင်းစိန်နှင့် ရန်ကုန်ခရီးသည်
နီးနီးကလေးဖြစ်၏။

တောင်အောက်မှ လူအဖို့
ထိုလမ်းသည်
အတက်ဖြစ်၏။

တောင်ပေါ်မှ လူအဖို့
ထိုလမ်းသည်
အဆင်းဖြစ်၏။

ညအဖို့
၁၂ နာရီသည် သန်းခေါင်ယံ ဖြစ်၏။

နေ့အဖို့
၁၂ နာရီသည် မွန်းတည့်ဖြစ်၏။

လူကြီးများအဖို့
အချစ်သည် အတိတ်ဖြစ်၏။

လူငယ်များအဖို့
အချစ်သည် အနာဂတ်ဖြစ်၏။

မင်းလူ

မိမိဒဿန

ပတ်ဝန်းကျင် နှင့် အဆင်မပြေမှု့သည် မိမိ၏ ချို့ယွင်းချက်ကြောင့် ဖြစ်သည်။

Wednesday, January 15, 2014

သူ ့အျပံဳး

ငါ့ညီပြောင်ဝင်း မောင်သစ်ဆင်း…….
မင်းကိုသူမဲ  လူပုံထဲ၌
ဆဲဆိုရိုင်းပျ  သူရန်စလည်း
မင်းကမဖြုံ မင်းမမှုန်ခဲ့ 
မတုန်မလှုပ် မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ  ။

အခါတစ်ပါး မြတ်ဘုရားကို
ပုဏ္ဍားဒွါဇ  အမျက်ရှ၍
ငါဆနင်ပဲ မျိုးစုံဆဲ၏
ဆိုဆဲအားရ  ထိုခဏ၌
ဗုဒ္ဓဘုရား ထိုပုဏ္ဍားနှင့်
စကားချီချ ဆိုခဲ့ ကြ ။

” ဘာရဒွါဇ ဗြဟ္မဏ…….
အိမ်ဝရောက်လာ သင့်ဆွေညှာအား
ရသာချိုအေး ခဲဖွယ်ပေး၍
မကျွေးသလော ကျွေးသလော “

” ငါ့ဆွေ ငါ့မျိုး  ငါမြတ်နိုး၍
မုန့်မျိုးစုံစွာ  သုံးဆောာင်ပါဟု
ငါကျွေးမွေး၏  ငါပေး၏ “

“ဘာရဒွါဇ  ဗြဟ္မဏ…….
သူကငြင်းဆန်  လက်မခံသော်
ကြံပျားဆီဥ  ခဲဖွယ်စုသည်
မည်သူ့ လက်မှာ ရှိသနည်း “

” သူမယူဘိ  နေသည်ရှိသော်
ငါ၏လက်မှာ  ရှိသည်သာ “

“ဘာရဒွါဇ  ဗြဟ္မဏ……
ငါ့အားသင်ပေး  မယဉ်ကျေးသည့်
ဆဲရေးတိုင်းထွာ  ဆဲတစ်ရာကို
ငါလက်မခံ “
မိန့်လိုက်ဟန်သည်
သုတ္တန်ထင်ရှား  ရှိတကား ။

ငါ့ညီပြောင်ဝင်း  မောင်သစ်ဆင်း……
မင်းသိမသိ  ငါမသိခဲ့ 
ငါသိသည်မှာ  သိရုံသာတည့်
မင်းမှာတမူ  ယူမတူတို့ 
ငြူစူမှိုင်းမှုန်  အဆဲစုံ၌
မတုန်မလှုပ်  မင့်ပြုံးရုပ်သည်
ဟုတ်လှပေစွ ဟုတ်ပေစွ ။      


 ဇော်ဂျီ

Tuesday, January 7, 2014

မိကွန်ထော ဖတ်ဖို့ ကဗျာတစ်ပုဒ်

ငှက်… မြေကြီးကို ဘယ်သူဖွင့်ကြည့်ရဲသလဲ… ငှက်
ငှက်… ငါသည် အာလဖဖြစ်၍ ငါသည် ဩမေဂလည်း ဖြစ်သည်တဲ့… ငှက်
ငှက်… အိမ်မက်ထဲ၌ အသက်ရှင်သူ အိပ်မက်၌ပင် အသက်စွန့်၏… ငှက်
ငှက်… သားကောင်ရဲ့နောက်သို့ မုဆိုးသည် ထက်ကြပ်လိုက်သကဲ့သို့… ငှက်
ငှက်… သေခြင်းတရားသည် ရှင်ခြင်း၏ နောက်ပါးက လိုက်နေဆဲ… ငှက်
ငှက်… ကောင်းကင်က တဖြည်းဖြည်း နိမ့်နိမ့်လာပြီ… ငှက်
ငှက်… နွေဦး ကောက်ရိတ်ပွဲတော်က ရောက်မလာသေး … ငှက်
ငှက်… ဒီအချိန်မှာ ကျွန်တော် ကတာ ယဉ်ရဲ့လား မမေးနဲ့… ငှက်
ငှက်… ဓါးတို့ရဲ့အောက်က ကမ္ဘာမြေ သတိရပစေ… ငှက်
ငှက်… နှောင်ကြိုးမှအပ ဆုံးရှုံးစရာ အခြားဘာမှမရှိ… ငှက်
ငှက်… သည်လိုပုံနှင့် မိုးကြီးချုပ်လျှင်… ငှက်
ငှက်… ကျွန်ုပ် အိမ်ပြန်ရောက်မည် မဟုတ်ပါ… ငှက်
ငှက်… ကမ္ဘာကြီးက လက်တွန်းလှည်းကလေးတွန်းပြီး … ငှက်
ငှက်… ငရဲပြည်သွား တောလားက မဆုံးသေးဘူးလား … ငှက်
ငှက်… ဒွေး သေသွားပြီ… ငှက်
ငှက်… ဒွေး မသေသေးဘူး … ငှက်
ငှက်… နွားရိုင်းသွင်းချိန် လွန်သွားပြီ… ငှက်
ငှက်… ကမ္ဘာပေါ်၌ ငြိမ်သက်ခြင်းသည် ရှိပါစေသတည်း… ငှက်
ငှက်… မနက်ဖြန် အိုးထရက်ဖို့ဒ်မှာ တွေ့မယ်… ငှက်
ငှက်… ဓနိတန်းထိပ်က ကောင်မလေးလည်း လင်ရသွားပြီ… ငှက်
ငှက်… ဒေါနတောင်တန်းကြီးက မေးနေတယ်… ငှက်
ငှက်… သောင်ရင်းမြစ်ကို သွားငေးရဦးမယ်… ငှက်
ငှက်… ဒီနေ့ လိုနေတာက… ငှက်
ငှက်… ထရမ်းပက်တစ်ထောင် ပြိုင်တူမှုတ်ဖို့ပဲ… ငှက်
ငှက်… တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်… ငှက်
ငှက်… ကြွေခြင်းဆိုတာ ပွင့်ခြင်းပဲ… ငှက်
ငှက်… ဗဟုဝါဒဆိုတာ… ငှက်
ငှက်… ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာပါပဲ… ငှက်
ငှက်… လေနုအေးက တနွဲ့နွဲ့နော့နေဆဲ… ငှက်
ငှက်… အကောင်းကို ရှာ၏… ငှက်
ငှက်… အကောင်းကား မရှိ… ငှက်
ငှက်… တံတားအောက်မှာ မြစ်ရေတွေ စီးဆင်းသွားကြပြီ… ငှက်
ငှက်… အသက်တစ်ရာ မနေရပေမဲ့… ငှက်
ငှက်… အမှုတစ်ခုမှ မတွေ့ရင် အကောင်းဆုံး … ငှက်
ငှက်… ဒီအကြောင်းတွေကို… ငှက်
ငှက်… မိုးရွာထဲမှာ ထီးဆောင်းပြီးပြော… ငှက်
ငှက်… တင်ဇာဝင်းပြည့်လည်း ကလေးတစ်ယောက်ရပြီ… ငှက်
ငှက်… ပုသိမ်မှာ ကော်ရည်သွားသောက်ရအောင်… ငှက်
ငှက်… အစ်မ ခင်ပန်းနှင်းကလည်း ငိုငိုနေတယ်… ငှက်
ငှက်… ပိုင်သနဲ့ တွေ့သေးလား … ငှက်
ငှက်… ဆော့ခရတ္တိက မသေခင် အကြွေးဆပ်ခဲ့တယ်… ငှက်
ငှက်… သမိုင်းကြွေးကို ဘယ်လိုဆပ်မလဲ… ငှက်
ငှက်… ပျက်စီးတယ်ဆိုတာ ဖျက်ဆီးခံရလို့ပဲ… ငှက်
ငှက်… ရုပ်ရှင်ရိုက်မလား … ငှက်
ငှက်… တောင်ကိုရီးယား ဓါးစာခံတွေ အမြန်လွတ်ပါစေ… ငှက်
ငှက်… အီရတ်က ငြိမ်းချမ်ရေးမရဘဲ… ငှက်
ငှက်… အာရှဖလားရသွားတယ်… ငှက်
ငှက်… ငယ်ငယ်တုန်းကလည်း ဂန္ဒီကို ကြိုက်တယ်… ငှက်
ငှက်… ကြီးလာတော့လည်း ဂန္ဒီကို ကြိုက်ဆဲ… ငှက်
ငှက်… မွန်ရိုးကို သတိမရဘူးလား … ငှက်
ငှက်… သေနင်္ဂဗျူဟာ အနိုင်တိုက်ဖို့… ငှက်
ငှက်… တစ်ခါတစ်ရံ နည်းပရိယာယ်ရေး အရှုံးပေးရတယ်… ငှက်
ငှက်… ကြွက်နီကို ဘာမှာဦးမလဲ… ငှက်
ငှက်… အသက်ဉာဏ်စောင့်သတဲ့… ငှက်
ငှက်… ဘီယာနှစ်ခွက်လောက်ကတော့ ဘာမှ မဖြစ်ပါဘူး … ငှက်
ငှက်… တင်ဇာမော် ယောကျာ်းယူသွားပြီ… ငှက်
ငှက်… မန်ယူကို ဝယ်ရင်ကောင်းမလား… ငှက်
ငှက်… ဒေါ်မေကြည်ကတော့ စာကောင်းကောင်းမရေးလို့ … ငှက်
ငှက်… စိတ်ဆိုးတော့မှာပဲ… ငှက်
ငှက်… ဘယ်လိုမှ မအောက်မေ့နဲ့… ငှက်
ငှက်… မော်လမြိုင်မှာ ဆရာကြီး ဒေါက်တာလှဘေ ဆုံးရှာပြီ… ငှက်
ငှက်… ပါရီဟာ အမြဲတမ်း ပါရီပဲ… ငှက်
ငှက်… ဒုက္ခဟာ အမြဲတမ်း ဒုက္ခပဲ… ငှက်
ငှက်… ဆန္ဒရှိရင်… ငှက်
ငှက်… ကောင်းကင်ကို ငုံ့ကြည့်လိုက်… ငှက်
ငှက်… ကံကောင်းရင် မြင်ရလိမ့်မယ်… ငှက်
ငှက်…
ငှက်…

အောင်ဝေး

Thursday, January 2, 2014

သံယောဇဉ်

အမျှင်သေးသေး
အမြင်ဆွေးလည်း
ရှောင်ပြေးမလွတ် သာတကား။


မင်းလူ